International News

အစိုးရက သွင်းကုန်ခွဲတမ်းထပ်မံချပေးခြင်းမရှိပါက အိန္ဒိယ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပဲတင်သွင်းမှု ၅၀ ရာခိုင်နှုန်းခန့်လျော့ကျဖွယ်ရှိခြင်း

Last Updated:

အိန္ဒိယနိုင်ငံ Maharashtra ပြည်နယ် Pune မြို့၌ အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်း (IPGA) ၏စီစဉ်မှုဖြင့် ၃ ရက်တာကျင်းပသည့် ပဥ္စမအကြိမ် အိန္ဒိယပဲမျိုးစုံဆိုင်ရာညီလာခံ ဆွေး နွေးပွဲ (India Pulses Conclave 2020) သည် ၁၄.၂.၂၀၂၀ နေ့တွင် ပြီးဆုံးခဲ့ပြီဖြစ်ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ရောင်းချလျက်ရှိသည့် နိုင်ငံများမှ ကုန်သည်များ၊ အိန္ဒိယ ဒေသခံကုမ္ပဏီများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုလုပ်ငန်းနှင့်ပတ်သက်၍ ကြောင်းကျိုးဆီလျော်မှုနှင့် ပွင့်လင်းမြင်သာမှုရှိသော ကုန်သွယ်ရေးမူဝါဒ တစ်ရပ်ကို ချမှတ်ဆောင်ရွက်ရန်လိုအပ်မည်ဟု ဖော်ထုတ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

India Pulses Conclave 2020 ဆွေးနွေးပွဲသို့ ကနေဒါနိုင်ငံ၊ Saskatchewan ပြည်နယ်မှ စိုက်ပျိုးရေးဝန်ကြီး Mr. David Marit ပါဝင်တက်ရောက်ခဲ့တွင် ၎င်းက ကနေဒါနိုင်ငံသည် အိန္ဒိယသို့ ပဲနီလေးနှင့် ပဲလုံး (စားတော်ပဲအဝါ) တို့ကို အဓိကတင်ပို့လျက်ရှိကြောင်း၊ အိန္ဒိယအစိုးရက ပြည်တွင်းရှိ တောင်သူ များ၏ ပဲစိုက်ပျိုးထုတ်လုပ်မှုကိုမြှင့်တင်လျက် ပြည်ပမှ တင်သွင်းမှုအား ကန့်သတ်ခဲ့သည့်နောက်ပိုင်း၌ ၎င်းတို့၏ ပဲတင်ပို့မှုမှာလည်း လျော့နည်းလာခဲ့ ကြောင်း၊ ကနေဒါမှ အိန္ဒိယသို့ ပဲတင်ပို့မှုမှာ ကနေဒါ‌ဒေါ်လာငွေ (CAD) တန်ဖိုးအားဖြင့် ၂၀၁၅ ခုနှစ်တွင် ၁.၅ ဘီလီယံ ရှိရာမှ ၂၀၁၉ ခုနှစ်၌ CAD ၃၂၉ သန်းသို့ လျော့ကျခဲ့ကြောင်း၊ သို့ရာတွင် ပရိုတင်းဓါတ်ကြွယ်ဝသည့်သီးနှံအား ဝယ်လိုအားမြင့်မားသည့် အခြားသောဈေးကွက်နိုင်ငံများရှိနေပြီး ၎င်းတို့ အနေဖြင့် တရုတ်၊ ဗီယက်နမ်၊ ဂျပန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဘင်္ဂလားဒေ့ရှ် တို့ကဲ့သို့ ဈေးကွက်အသစ်များသို့ ပဲတင်ပို့မှု တိုးချဲ့ လုပ်ဆောင်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုကန့်သတ်ဆောင်ရွက်ခြင်းက ကနေဒါနိုင်ငံရှိ Saskatchewan ပြည်နယ်၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ပုံစံ (Cropping pattern) ကို သိသာစွာ သက်ရောက်ပြောင်းလဲစေခြင်း မရှိကြောင်း၊ လက်ရှိကာလ၌ Saskatchewan ပြည်နယ်ရှိ ပဲစိုက်ပျိုးထုတ်လုပ် တင်ပို့သည့် လုပ်ငန်းများသည် စိုက်ပျိုးထွက်ရှိမှု၏ ၁၀% ကိုသာ ကုန်ချောအဖြစ်ထုတ်လုပ်ရာမှ ဈေးကွက်လိုအပ်ချက်နှင့်အညီ လိုက်ပါနိုင်ရန်အတွက် ပဲကုန်ချောထုတ်လုပ်မှုကို ၅၀% အထိမြှင့်တင်ရန် ကြိုးပမ်း လျက်ရှိကြောင်း၊ ကနေဒါနိုင်ငံရှိ Saskatchewan ပြည်နယ်အစိုးရအနေဖြင့် အိန္ဒိယနိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံမှုရှိရေးအတွက် စိန်ခေါ်မှုများအား ကိုင်တွယ်ဖြေရှင်းနေရမှုအပေါ် ကာလရှည်တွင် ပဲမျိုးစုံကဏ္ဍမှ ကူညီပေးရန် ဆန္ဒရှိပြီး နှစ်နိုင်ငံ အကြားကုန်သွယ်မှုမြှင့်တင်မှုကို အထောက်အပံ့ပြုမည့် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးတစ်ခုအား ဖွင့်လှစ်နိုင်ရန် ရှုမျော်ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ၎င်းတို့အနေဖြင့် ပိုမို၍ ပွင့်လင်းမြင်သာမှုရှိပြီး ကြောင်းကျိုးညီညွတ်မှုရှိသော ကုန်သွယ်မှုမူဝါဒချမှတ်ဆောင်ရွက်ခြင်းကို လိုလားမှုရှိကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံအသင်း (IPGA) ၏ ဥက္ကဌ Mr. Zaverchand Bheda က အိန္ဒိယ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုသည် မိုးကောင်းသောက် လယ်မြေများ၌သာ အဓိကထားလုပ်ကိုင်နေရပြီး ရာသီဥတုအပေါ်အမှီပြုနေရခြင်းက စိုက်ပျိုးထွက်ရှိမှုပမာဏကို ပုံမှန်မဖြစ်စေပဲ အချို့နှစ်များတွင် သီးနှံအထွက်လျော့ကျမှုကို ကြုံတွေ့ရလေ့ရှိကြောင်း၊ အကျိုးဆက်အနေဖြင့် ဖြစ်ပေါ်သော ဈေးနှုန်းများမြင့်တက်မှုကို ထိန်းချုပ်ရန်မှာ ခက်ခဲကြောင်း၊ မကြာသေးမီကလည်း မတ်ပဲနှင့် ပဲတီစိမ်းအထွက်နှုန်းထိခိုက်မှုကို ကြုံတွေ့ရလျက်ရှိကြောင်း၊ သို့ဖြစ်ရာ အစိုးရ၏ ဆောင်ရွက်မှုများသည် တောင်သူ လယ်သမားများနှင့် စားသုံးသူပြည်သူများအကြား ဟန်ချက်ညီမျှမှုရှိပြီး ပြုပြင်ပြောင်းလဲရန်လွယ်ကူသည့် လုပ်ဆောင်မှုများဖြစ်စေရန် အရေးကြီး ကြောင်းဖြင့်ပြောဆိုပါသည်။

IPGA ၏ ဖော်ပြချက်အရ ၂၀၁၉ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအတွင်း အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံ တင်သွင်းပြီးစီးမှုမှာ တန်ချိန် ၂၁.၅၃ သိန်းရှိကြောင်း၊ မိုဇမ်ဘစ်နိုင်ငံမှ တန်ချိန် ၁.၇၅ သိန်းအပါ အဝင် ပဲစင်းငုံတင်သွင်းရန် တန်ချိန် ၅.၇၅ သိန်းခွင့်ပြုထားရာ တန်ချိန် ၃.၃၇ သိန်း တင်သွင်းထားပြီးဖြစ် ကြောင်း၊ ပဲလုံး (စားတော်ပဲအုပ်စု) တင်သွင်းရန် တန်ချိန် ၁.၅ သိန်းခွင့်ပြုထားသော်လည်း အမှန်တင်သွင်းပြီးစီးမှုမှာ တန်ချိန် ၆.၁၂ သိန်းအထိ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဒေသန္တရအစိုးရ တရားရုံးများ၏ ခွင့်ပြုမိန့်ဖြင့် တင်သွင်းမှုများကြောင့် ထိုကဲ့သို့ ဗဟိုအစိုးရ၏ သတ်မှတ်ချက်ကို ကျော်လွန် ခြင်းဖြစ်ကြောင်း၊ မတ်ပဲတန်ချိန် ၄ သိန်းခွင့်ပြုထားရာတွင် ၁.၉၂ သိန်းတင်သွင်းပြီးဖြစ် ကြောင်း၊ ပဲတီစိမ်း တန်ချိန် ၁.၅ သိန်း တင်သွင်းခွင့်ပြုထားမှု အပေါ်တန်ချိန် ၆၇၀၀၀ တင်သွင်းထားကြောင်း၊ ထို့အပြင် ကုလားပဲ တန်ချိန် ၂.၄၅ သိန်းနှင့် ပဲနီလေး တန်ချိန် ၇ သိန်းတို့ကိုလည်း တင်သွင်းခဲ့ကြောင်း သိရှိရသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံအနေဖြင့် ပဲမျိုးစုံ တန်ချိန် ၂၅ သိန်းခန့်အထိ တင်သွင်းဖွယ်ရှိကြောင်း IPGA ၏ ဥက္ကဌ Mr. Zaverchand Bheda က ပြောကြားသည်။

အိန္ဒိယပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(DGFT)သည် ပဲမျိုးစုံတင်သွင်းခွင့် ခွဲတမ်း (Quota)သတ်မှတ်သည့် အမိန့်ထုတ်ပြန်မှုများနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံဥပဒေနှင့် ညီညွတ်ခြင်း ရှိ/ မရှိကို Chennai မြို့နှင့် Jaipur မြို့ရှိ ပြည်နယ်တရားရုံးများ၌ ကုန်သည်များက အမှုစွဲဆိုထားရှိခြင်းအား ရင်ဆိုင် လျက်ရှိပြီး ဒေသန္တရတရားရုံးများ၏ ခွင့်ပြုမိန့်ဖြင့် တင်သွင်းလာသည့် ပဲတန်ချိန် ၂.၂၅ သိန်းခန့်သည် ဆိပ်ကမ်းများ၌ ထုတ်ယူနိုင်ခြင်းမရှိပဲ ကျန်ရှိ နေဆဲဖြစ်ပါသည်။

၂၀၁၉-၂၀၂၀ ခုနှစ် စိုက်ပျိုးရာသီကာလ၌ မိုးသီးနှံ မတ်ပဲစိုက်ခင်းများ ထိခိုက်ပျက်စီးခြင်း၊ ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ဧကလျော့ကျခြင်းတို့ ဖြစ်ပေါ် သဖြင့် အဆိုပါပဲများ ဈေးကွက်လိုအပ်ချက်မှာ မြင့်တက်ဖွယ်ရှိသော်လည်း ဆောင်းသီးနှံကုလားပဲ အထွက်တိုးမည့် အလားအလာက ဈေးကွက်၌ ပဲလုံး ကဲ့သို့သော အစားထိုးပဲများတင်သွင်းမှုကို လျော့နည်းစေဖွယ်ရှိပါသည်။

လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အစိုးရက ပဲတင်သွင်းခွင့်ခွဲတမ်းများ ထပ်မံချထားပေးခြင်းမရှိပါက အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုမှာ လက်ရှိ တင်သွင်းမှုအောက် ၅၀% ခန့် လျော့ကျပြီး နှစ်နိုင်ငံစာချုပ်အရ မိုဇမ်ဘစ်နိုင်ငံမှ တင်သွင်းမည့် ပဲစင်းငုံတန်ချိန် ၂ သိန်းအပါ အဝင် ပဲနီလေးနှင့် ကန့်သတ်ထားခြင်းမရှိသောအခြားပဲများအား စုစုပေါင်း တန်ချိန် ၁၂ သိန်းမှ ၁၅ သိန်းအတွင်းသာ တင်သွင်းဖွယ်ရာရှိကြောင်း၊ ဈေးကွက် လိုအပ်ချက် ရှိမည့် မတ်ပဲနှင့်ပဲတီစိမ်းတို့ကိုလည်း ဆက်လက်တင်သွင်းရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံမှ ယခုနှစ် စိုက်ပျိုးထွက်ရှိသည့် မတ်ပဲများအား ၂၀၂၀ ပြည့်နှစ် မေလအထိ အချိန်တိုးမြှင့် တင်သွင်းခွင့်ပြုရန် အစိုးရထံတောင်းဆိုထားကြောင်းဖြင့် အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံ အသင်းက India Pulses Conclave 2020 ဆွေးနွေးပွဲတွင် သတင်းဌာနများသို့ ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         1. India's 2020-21 pulses import may fall by 50% if government doesn't extend import quotas, 14 Feb 2020, Economic Times

                   2. India’s pulses import may fall 60% next fiscal, 14 Feb 2020, The Hindu

                   3. India’s trade policy on pulses needs to be stable, says Canada, 14 Feb 2020, Financial Express

Category: International News